ကသာ မေ ၂၁
နယ်မြေဒေသအခြေအနေကြောင့် ယာယီပိတ်သိမ်းခဲ့သည့် ကသာခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ပြန်လည်ဖွင့်လှစ်သည်။
ကသာခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲကို ကသာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ ခရိုင်ရဲတပ်ဖွဲမှူး ဒုတိယရဲမှူးကြီး အောင်လှိုင်မြင့်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး ဦးကျော်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းနှင့် ခရိုင်ဘဏ်ခွဲမန်နေဂျာ ဦးဝင်းနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ကသာခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲ ဆိုင်းဘုတ်အား တာဝန်ရှိသူများက အမွှေးနံ့သာရေများ ပက်ဖြန်းပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
ကသာခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်ပေးနိုင်မှုကြောင့် ကသာမြို့နယ်၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် နယ်မြေခံ တပ်ရင်း၊ တပ်ဖွဲ့များ၏ လစာငွေများ ထုတ်ပေးခြင်း၊ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးခြင်း၊ စုဆောင်းငွေများလက်ခံခြင်း၊ ထုတ်ပေးခြင်း၊ ဒေသအသီးသီးသို့ ငွေလွှဲပို့ခြင်းနှင့် အခြားသော ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကိုဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း ခရိုင်ဘဏ်ခွဲမန်နေဂျာ ဦးဝင်းနိုင်ထံမှ သိရသည်။
အဆိုပါ ကသာခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲ ဖွင့်ပွဲသို့ ကသာမြို့မှ လွှတ်တော်ကိုယ်စားလှယ် များ၊ နိုင်ငံရေးပါတီများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ တက်ရောက်ကြ ကြောင်းသိရသည်။
ကျော်စွာ(ကသာ)