ဖောင်းပြင် မေ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေလ (၂၅) ရက်မှ (၃၁) ရက်နေ့အား ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးနေ့ အသိပေးနှိုးဆော်ခြင်း မြေစိုက်ပိုစတာအား ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မင်းထွဋ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူးကျော်စိုးထွန်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများက မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ယနေ့နံနက် (၈) နာရီခွဲ အချိန်က စိုက်ထူခဲ့ကြကြောင်း သိရသည်။
ဖောင်းပြင်မြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် ပိုမိုအဆင်ပြေစေရေး ဆောင်ရွက်လျက်ရှိပြီး ယခင်ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၁၇ ကျောင်း ဖွင့်လှစ် နိုင်ခဲ့ရာမှ ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် (၃)ကျောင်းတိုးချဲ့ဖွင့်လှစ်နိုင်မည်ဖြစ်ကာ ကျောင်းပေါင်း (၂၀) ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းသား/သူများ အတွက် ပညာသင်ကြားမှုနှင့်ပတ်သက်၍ KG မှ G-5 အထိ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ပုံနှိပ်စာအုပ်များကို အခမဲ့ဖြန့်ဝေပေးမည် ဖြစ်ကြောင်း၊ G-6မှ G-9 အထိ ကျောင်းသား၊ ကျောင်းသူများကို ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ပုံနှိပ်စာအုပ်များ အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)