သာပေါင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

သာပေါင်း မေ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ခြင်မှတဆင့်ကူးစက်ဖြစ်ပွားသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များပူးပေါင်း၍ မေလ ၂၀ ရက်နေ့၊နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ အသိပညာ‌ပေး စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်‌ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့်အဖွဲ့ဝင်များ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်တို့ ပူးပေါင်း၍ နေအိမ်၊ လမ်းများရှိ ရေတွင်း၊ ရေကန်များ၊ သိုလှောင်ရေကန်များ၊ ဘုရားညောင်ရေအိုးများ၊ အသုံးမပြုသည့် ရေအိုး၊ ရေခွက်များနှင့် တာယာကွင်းများအတွင်း ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် “ဖုံး၊ သွန်၊ လဲ၊ စစ်”လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြပြီး ရွှေ့ပြောင်းရန်မလွယ်ကူသော အိုးခွက်များအတွင်းသို့ အဘိတ်ဆေးခပ်ပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး