ကျုံပျော် မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်များဆုံးရှုံးမှုမရှိစေရန်၊ မီးလောင်မှုလျှော့နည်းပပျောက်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာလုပ်ငန်းများနှင့် စက်ရုံအလုပ်ရုံများ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းကို မေလ ၂၀ ရက်နေ့က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရှိ ဦးအောင်စိန်ဘွင့်၏လမ်းညွှန်မှုဖြင့် ရှားခဲနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်လင်းထက်ဦးဆောင်သော တပ်ဖွဲ့ဝင်များက ဒေသအတွင်းရှိ ဓာတ်မြေဩဇာ လုပ်ငန်းများနှင့် စက်ရုံအလုပ်ရုံများသို့သွားရောက်ကာ မီးဘေးကြိုတင်ကာကွယ်ရေး၊ ကုန်ပစ္စည်းများ စနစ်တကျ ထားရှိရေး၊ မီးလောင်မှုမရှိစေရေး အသိပညာပေးပြောကြားပြီး၊ လျှပ်စစ်မီးစနစ်တကျအသုံးပြုရန်၊ မီးသတ်ဆေးဘူးနှင့်ဆက်စပ်ပစ္စည်းများ စနစ်တကျ ဆောင်ရွက်ထားရှိရန် လိုက်လံစစ်ဆေးခဲ့ကြသည်။
ပြည်သူများ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ အသိပညာပေးခြင်း၊ လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြလေ့ကျင့်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေဝင်းမြင့်