ဟားခါး ဇန်နဝါရီ ၁၉
ဟားခါးမြို့နယ်အတွင်း ရပ်ကွက် (သို့မဟုတ်)ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အသစ်ပြန်လည်ရွေးချယ်နိုင်ရန် သင်တန်းပို့ချခြင်းနှင့် အသိပညာပေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ယမန်နေ့က ရပ်ကွက်များအလိုက် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
အဆိုပါ ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အသစ်ပြန်လည်ရွေးချယ်ရာခြင်းနှင့်ပတ်သက်၍ ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက “ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအသစ်ပြန်လည်ရွေးချယ်ရာတွင် မဲပေးမည့်သူသည် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်သည့်ရက်မှ အုပ်ချုပ်ရေးမှူး ရွေးချယ်သည့်ရက်အထိ အိမ်ထောင်စု တစ်စုလျှင် ကိုယ်စားလှယ် တစ်ဦးသာ မဲပေးခွင့်ရှိကြောင်း၊ အဆိုပါ ကိုယ်စားလှယ်တစ်ဦးသည် မဲပေးမည့်သူ စာရင်းတွင် ပါရှိသူ၊ အသက် (၁၈) နှစ်ပြည့်ပြီးသူ၊ မိမိနေထိုင်သည့် ရပ်ကွက် (သို့) ကျေးရွာအုပ်စုအတွင်း သတ်မှတ်ထားသည့် ပုံစံ ၆၆/၆ (အိမ်ထောင်စု)တွင် ဖော်ပြထားသည့် မိသားစုဝင်ဖြစ်ရန် လိုအပ်ကြောင်း” ပြောပြခဲ့ပါတယ်။
ဟားခါးမြို့နယ်အတွင်း ရပ်ကွက် (သို့မဟုတ်)ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အသစ်ပြန်လည်ရွေးချယ်နိုင်ရန် သင်တန်းပို့ချခြင်းနှင့် အသိပညာ ပေးခြင်းများ ဆောင်ရွက်ပြီးနောက် ရပ်ကွက် (သို့မဟုတ်)ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အသစ်ရွေးချယ်ခြင်းကို ဇန်နဝါရီလ( ၂၃)ရက်တွင် စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)