သဲကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

သဲကုန်း မေ ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးရာသီ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် မြို့နယ်အတွင်းရှိ နေအိမ်များနှင့် အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လှလှရွှေနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၊ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ သွေးလွန်တုပ်ကွေးမဖစ်ပွားစေရန် ဂရုပြုလိုက်နာရမည့်အချက်များအား အသိပညာပေးဟောပြောခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေတင်ကျန်နိုင်သော ခွက်၊ ဘူးနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှုကင်းဝေစေရေးအတွက် အဘိတ်ဆေးခတ်ပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်၊ ခြင်များမပေါက်ပွားစေရန်၊ ပိုးလောက်လန်းပေါက်ပွားစေနိုင်သော ရေစည်ရေအိုးများ၊ ရေလှောင်ကန်များစသည့် နေရာများတွင် သွေးလွန်တုပ်ကွေးဖြစ်စေနိုင်သည့် ခြင်များပေါက်ဖွားမှုမရှိစေရန် ကြည့်ရှုစစ်ဆေးပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)