ကျွန်းလှ မေ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံများကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်ကြရာ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးမြေပဲ ဧက ၂၀၀၀၀ ကျော် လျာထား စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ ဆီထွက်သီးနှံဖြစ်တဲ့မြေပဲကို မိုးရာသီနဲ့ ဆောင်းရာသီ ဒေသအခေါ် စကပဲတို့ စိုက်ပျိုးကြပါတယ်။ မိုးမြေပဲကို ဆောင်းမြေပဲအတွက် မျိုးအဖြစ်အဓိကစိုက်ပျိုးကြပြီး ပိုလျံတဲ့သီးနှံများကို ဆီကြိတ်ခွဲရောင်းချကြပါတယ်။ ဒီနှစ်မိုးမြေများကို မေလဆန်းကစတင်ပြီး ထွန်ယက်စိုက်ပျိုးလျက်ရှိပါတယ်”ဟု ဒေသခံ မိုးမြေပဲစိုက်တောင်သူများတစ်ဦးက ပြောပြသည်။
အဆိုပါမိုးမြေပဲစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးပညာရှင်များက ဒေသရာသီဥတုနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းမျိုးများ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲရေးတို့ကို အသိပညာပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၂၁၀၉၀ ဧက၊ နှမ်း ၁၃၂၃၀ ဧက၊ နေကြာ ၁၀၂၅ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ