စေတုတ္တရာမြို့နယ်၌ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးထိုးနှံပေး

စေတုတ္တရာ မေ ၂၁

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် အစိုးရသစ်၏ ရက်၁၀၀စီမံချက်ဖြင့် ဒေသတွင်းမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအသိပညာပေးဟောပြောခြင်းနှင့် ကျွဲ၊နွားတိရစ္ဆာန်ကူးစက်ရောဂါကာကွယ် ဆေးအခမဲ့ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီက သံဆည်ကျေးရွာအုပ်စု၊ မကြီးစု‌(၁)ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဦးစွာ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာ ဇော်မျိုးအောင်က မကြီးစု(၁)ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသည့် တောင်သူများနှင့်တွေ့ဆုံ၍ ပေါင်ပုပ်၊ လက်ပုပ်ရောဂါအကြောင်း၊ ရောဂါဖြစ်ရသည့်အကြောင်းအရင်း၊ ရောဂါလက္ခဏာများနှင့်မွေးမြူထားသည့် ကျွဲ၊နွားတိရစ္ဆာန်များတွင် ကူးစက်ရောဂါမဖြစ်ပွားစေရေး လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းကောင်းများကို အသိပညာပေးပြောကြားသည်။

ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာ‌ရေးအကူလုပ်သားများပူးပေါင်း၍ အစိုးရသစ်ရက် ၁၀၀ စီမံချက်ဖြင့် မကြီးစု(၁)ကျေးရွာရှိ နွားကောင်ရေ (၁၉၆)ကောင်အား ပေါင်ပုပ်၊လက်ပုပ်ရောဂါနှင့် ဒေါင့်သန်းရောဂါကာကွယ်ဆေးများကိုကွင်းဆင်း၍ အခမဲ့ထိုးနှံပေးကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)