မိုးစပါးထွန်ယက်စိုက်ပျိုးမည့် တောင်သူများအား စတုတ္ထအကြိမ် စက်သုံးဆီဖြန့်ဖြူးရောင်းချ

ဘားအံ မေ ၂၁

ဘားအံမြို့နယ်အတွင်းရှိ မိုးစပါးထွန်ယက်စိုက်ပျိုးကြမည့် တောင်သူလယ်သမားများ မိုးစပါးထွန်ယက်နိုင်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် စိုက်ပျိုးတောင်သူများလက်ဝယ်အရောက် စက်သုံးဆီများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ DENKO 2 ဆီဆိုင်တွင် စက်သုံးဆီများကို ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

ယခုကဲ့သို့ဖြန့်ဖြူးရောင်းချပေးခြင်းသည် မိုးစပါးအတွက် စတုတ္ထအကြိမ် ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ပြီး စိုက်ပျိုးတောင်သူများရေပြည့်ဝစွာရရှိရေးရေတင်နိုင်ရန်၊ မိုးစပါးနှင့်အခြားသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရေး မြေယာထွန်ယက် ပြုပြင်နိုင်ရန်အတွက် ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ကာ တောင်သူတစ်ဦးလျှင် စက်သုံးဆီ ၅ ဂါလန်နှုန်းဖြင့် ကျေးရွာပေါင်း ၁၉ ရွာမှ တောင်သူ ၃၈၀ ဦး၏ စိုက်ဧက ၉၅၀ ဧကအတွက် စက်သုံးဆီ ၁၉၀၀ ဂါလံကို ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

တောင်သူလယ်သမားများ စိုက်ပျိုးရာသီတွင် အဆင်ပြေချောမွေ့စွာထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်  စက်သုံးဆီအရောင်းဆိုင်များ အလှည့်ကျပူးပေါင်း၍ ရောင်းချပေးခြင်းဖြစ်ပြီး ယနေ့ထိ စက်သုံးဆီ ဒီဇယ်၊ ဓာတ်ဆီ စုစုပေါင်း ၅၄၅၀ ဂါလံကျော်ကို တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)