မကွေးမြို့၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(MADB)နှင့်ပူးပေါင်း၍ လယ်ယာသုံးစက်ကိရိယာ ချေးငွေအစီအစဉ်သစ်နှင့် စိုက်ပျိုးရေးအထောက်အကူပြု ဆွေးနွေးပွဲအခမ်းအနားကျင်းပ

မကွေး မေ ၂၁

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(MADB) နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ရက်(၁၀၀)စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သည့် လယ်ယာသုံးစက်ကိရိယာချေးငွေအစီအစဉ်သစ်နှင့် စိုက်ပျိုးရေးအထောက်အကူပြုဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက ရက်(၁၀၀) စီမံကိန်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများကစိုက်ပျိုးရေးဆိုင်ရာနည်းစနစ်ကောင်းများ(GAP)ဖြင့် စနစ်တကျစိုက်ပျိုးထုတ်လုပ်နိုင်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူများက လယ်ယာသုံးစက်ကိရိယာ ချေးငွေအစီအစဉ်သစ်၏အကျိုးကျေးဇူးများနှင့် ချေးငွေလျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ၊ ရရှိနိုင်မည့်စက်ကိရိယာများကို အသေးစိတ်ရှင်းလင်းပြောကြားပြီး၊ မြေစာရင်းဦးစီးဌာန မကွေးခရိုင်ဦးစီးမှူးက ၂၀၁၂ခုနှစ် လယ်ယာမြေ ဥပဒေသိကောင်းစရာများကိုအသိပညာပေးဆွေးနွေးခဲ့ကြပြီး အဆိုပါဆွေးနွေးပွဲသို့ ဒေသခံတောင်သူ စုစုပေါင်း ၃၀၂ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လယ်ယာသုံးစက်ကိရိယာ ချေးငွေအစီအစဉ်သစ်သည် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် စက်မှုလယ်ယာစနစ်ပိုမိုတိုးတက်လာစေရန်နှင့် ထုတ်လုပ်မှုစွမ်းအားမြင့်မားလာစေရန် အထောက်အကူပြုမည်ဖြစ်ရာ အခမ်းအနားအတွင်း တောင်သူ ၅၁ ဦးက ချေးငွေအစီအစဉ်ကို စိတ်ဝင်စား၍ လျှောက်လွှာချက်ချင်းဖြည့်သွင်းခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)