သင်္ဃန်းကျွန်းမြို့နယ်(ဆ/က)ရပ်ကွက်၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်‌ငွေတိုးရေးစီမံကိန်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်

ရန်ကုန် မေ ၁၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းများအနက်မှ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ  အခမ်းအနားကို မေ ၁၉ ရက် နံနက်ပိုင်းက (ဆ/က) ရပ်ကွက်၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်နှင့် အရှေ့ဒဂုံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)ဦး၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံအုပ်ကြီး၊  အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနတိုင်းဦးစီးမှူး၊ သင်္ဃန်းကျွန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး အရှေ့ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်မှ သင်တန်းဖွင့်လှစ်ခြင်းအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။  ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးက ဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အသက်မွေးဝမ်းကျောင်းသင်တန်း ဖွင့်လှစ်ပေးနေမှုများ၊ စားသောက်ကုန် လူသုံးကုန်လုပ်ငန်းများအား ဓါတ်ခွဲစမ်းသပ်ပြီး ဈေးကွက်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ‌ဖြန့်ဖြူးရောင်းချ နိုင်စေရန် လုပ်ငန်းမှတ်ပုံတင် ဆောင်ရွက်ပေးနေမှုများနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံအုပ်ကြီးက သင်တန်းကာလအတွင်း မပျက်မကွက်ကြိုးစားသင်ယူကြရန်နှင့် မိမိတို့ဆေးရုံအနေဖြင့်လည်း ကူညီဆောင်ရွက် ပေးနိုင်သည်များကို ဌာနနှင့် ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။ ၄င်းနောက် သင်တန်းသူတစ်ဦးအား သင်တန်းသုံး သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး သင်တန်းသူများမှ တစ်ဦးချင်းမိတ်ဆက်ကာ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 

ယခုဖွင့်လှစ်သော စက်ချုပ်နည်းပညာသင်တန်းတွင် သင်တန်းသူ(၁၅)ဦးအား ရင်စေ့/ရင်ဖုံး အင်္ကျီချုပ်နည်း၊ သုံးလွှာစကပ်ချုပ်နည်း၊ ချိတ်စကပ်ချုပ်နည်း၊ အမျိုးသမီးဝတ် ဘလောက်အင်္ကျီ၊ အမျိုးသမီးရှပ်အင်္ကျီ၊ ကလေးဝတ်အင်္ကျီ၊ ဘောင်းဘီချုပ်နည်းနှင့် စက်ချုပ်နည်းအမျိုးမျိုးတို့ကို ကိုယ်ပိုင် လုပ်ငန်းထူထောင်နိုင်သည်အထိ မေလ (၁၉) ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့ အထိ(၁)လခွဲကြာ စာတွေ့၊လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်များနှင့်အညီရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

သက်လွင်စိုး(ပြန်/ဆက်)