ဘားအံ မေ ၂၁
ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိအပ်နှံပညာသင်ကြားနိုင်ရေးအတွက် “နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ပညာရေးဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို မေ ၂၁ ရက် နံနက် ၇ နာရီက ဘားအံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျောင်းအပ်နှံရေးမြေစိုက်ပိုစတာဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသော ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ဆရာမများနှင့်ကျောင်းသားမိဘများက မြေစိုက်ပိုစတာအားအမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါဆိုင်းဘုတ်တင်ပွဲကျင်းပရာ ရှေ့ရှိ တန်းမြင့်ကျောင်းလမ်းတွင် သွားလာနေကြသော ရပ်ကွက်နေပြည်သူများအား ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာများ၊ အခမဲ့ထောက်ပံ့မှုများပါဝင်သည့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ဝေသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းအပ်နှံနိုင်ရေး နှိုးဆော်လွှာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြန်မာ့စီးပွားရေးဘဏ်(ဘားအံဘဏ်ခွဲ)၏ ဘဏ်လုပ်ငန်းဆောင်တာများ စနစ်တကျဆောင်ရွက်နေမှုနှင့် လစဉ် ၂၁ ရက်မှစ၍ နိုင်ငံ့ ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာငွေများ ထုတ်ပေးနေမှုတို့ကို သွားရောက်ကြည့်ရှုအားပေး သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်စင်လစာငွေလာရောက်ထုတ်ယူနေကြသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်အားပေးစကားများပြောကြားပြီး ဘဏ်ဝန်ထမ်းများက ပင်စင်လစာငွေများကို စနစ်တကျထုတ်ပေးနေမှုအခြေအနေ၊ ပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့် ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ပင်စင်စားများအား သက်သာသောနှုန်းထားဖြင့် ဆန်အမျိုးမျိုးရောင်းချပေးနေမှုအခြေအနေ၊ တိုင်းရင်းဆေးဦးစီးဌာန ခုတင် ၅၀ ဆံ့တိုင်းရင်းဆေးရုံနှင့် ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသည့်အခြေအနေ၊ ကရင်ပြည်နယ် ဆီကုန်သည်ကြီးများအသင်းက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား သက်သာသော နှုန်းထားများဖြင့် စားသုံးဆီများရောင်းချပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ အငြိမ်းစားဝန်ထမ်းများအား အားဖြည့်အချိုရည်များဝေငှပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး၌ ဖွင့်လှစ်ခဲ့သည့် စားသုံးမှိုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်းမှ ကတ်ထူစက္ကူ၊ ဗေဒါ၊ နွားချေး၊ ဖွဲနု၊ မျိုးထုပ်တို့ကို အသုံးပြုစိုက်ပျိုးထားသော စားသုံးမှိုစိုက်ပေါင်များမှ ကောက်ရိုးမှိုများ ထွက်ရှိမှုအခြေအနေများကို တောင်သူများအားနည်းပညာပေးလက်တွေ့ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ထောင်ဝိ၊ ဝင်းကျန်၊ အမှတ်(၈)ရပ်ကွက် အစရှိသည့် ရပ်ကွက်/ကျေးရွာများမှ တောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နော်သူးလေထီးက ကောက်ရိုးမှိုစိုက်ပြီး သက်တမ်း ၂ ပတ်အတွင်း အချိန်တိုတို၊ နေရာကျဉ်းကျဉ်းတွင် ဝင်ငွေရရှိအောင်စိုက်ပျိုးလုပ်ကိုင်နိုင်သည့်အကြောင်းများကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မှိုများကိုခူးဆွတ်ပြသရာ ၁၂ ပေ၊ ၃ ပေ တစ်ပေါင်လျှင် သန့်ရှင်းလတ်ဆက်သည့် မှိုလေးပိဿာခန့်ထွက်ရှိပြီး ဒုတိယအကြိမ်၊ တတိယအကြိမ် ထပ်မံ ခူးဆွတ်နိုင်ကာ စီးပွားဖြစ်စိုက်ပျိုးကြမည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ လူမှုစီးပွားဘဝများတိုးတက်ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)