ကြို့ပင်ကောက် မေ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတတ်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” အထိမ်းအမှတ်ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံရေးနေ့များအား ဂုဏ်ပြု၍ အထိမ်းအမှတ်ဆိုင်းဘုတ်စိုက်ထူခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ ဆရာမများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ကြပြီး အထိမ်းအမှတ်ဆိုင်းဘုတ်အား သပြေခက်နှင့် အမွေးနံ့သာရည်ပက်ဖြန်းပေးကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းနေရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိနိုင်ရေးအတွက် မေလ ၂၅ ရက်နေ့ နံနက်ပိုင်းမှစ၍ ကျောင်းအပ်လက်ခံခြင်းများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် လူစည်ကားရာနေရာများ (အ.ထ.က) ကျောင်းများနှင့် လမ်းဆုံများတွင် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)