ဆိပ်ဖြူ မေ ၂၁
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် ဒေသခံတောင်သူများအတွက် သီးနှံမျိုးစေ့နှင့်သွင်းအားစုများအား ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးရုံး၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားကို ဒေသခံတောင်သူများစိုက်ပျိုးစွမ်းအား မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ သီးနှံအထွက်နှုန်းမြင့်မားတိုးတက်းရေးနှင့် စိုက်ပျိုးမြေများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသန်းစိုးက အဖွင့်အမှာစကားများပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ထက်က ဒေသခံတောင်သူများ စိုက်ပျိုးစွမ်းအားမြှင့်မားတိုးတက်ရေး၊ စပါးနှင့်ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့်စက်မှုကုန်းကြမ်းသီးနှံ ဝါစိုက်ပျိုးထုတ်လုပ်မှုမြှင့်မားတိုးတက်ရေးတို့ကို တိုက်တွန်းအားပေးစကားများရှင်းလင်းပြောကြားခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးဇော်မင်းနိုင်က သီးနှံမျိုးစေ့နှင့်သွင်းအားစုများ ချီးမြှင့်ပေးအပ်ရခြင်းရည်ရွယ်ချက်များ၊ စိုက်ပျိုးမြေဖွံ့ဖြိုးတိုးတက်ရေးနှင့် ဓာတုမြေသြဇာများလျော့ချသုံးစွဲမှုနှင့် သဘာဝမြေသြဇာတိုးချဲ့သုံးစွဲရခြင်းအကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပေးသည်။ ထို့နောက် ဒေသခံတောင်သူများအား သီးနှံမျိုးစေ့နှင့်သွင်းအားစုများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်းရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)