ပြည်မြို့နယ် ပေါက်တောကျေးရွာ၌ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်လှစ်

ပြည် ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ကြာအင်းကျေးရွာအုပ်စု ပေါက်တောကျေးရွာတွင် နိုင်ငံတော်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ်သိန်း၇၀၀ဖြင့် ဟံသာမြင့်မိုရ်ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့သော ကျေးလက်ကျန်းမာရေးဌာနခွဲ RCH နှစ်လုံးတွဲ အဆောက်အဦသစ် ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ယင်းအဆောက်အအုံသစ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆောက်အအုံသစ်အား ပြည်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကေခိုင်ဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး နယ်မြေခံကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ်နှစ်လုံးတွဲတွင် လူနာနားနေခန်း၊ ဆရာဆရာမ နားနေခန်း၊ ဆေးစတိုခန်း၊ ဆေးကုသခန်းနှင့် သားဖွားခန်းတို့ ပါဝင်ကြောင်းနှင့် အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲအနေဖြင့် ကြာအင်းကျေးရွာအုပ်စု အတွင်း ကျေးရွာခွဲများရှိ အိမ်ခြေ(၁၀၀၀) ကျော်မှ ကျေးလက်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ကုသပေးမှုများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

မျိုးကျော်ကြီး(ပြန်/ဆက်)