ပဲခူးမြို့တွင် “ လူငယ်နှင့်အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးရေး” လူငယ်စကားဝိုင်း ပြုလုပ်

ပဲခူး မေ ၂၀

ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာ ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်လူငယ်နှင့် အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်း အခမ်းအနားကို မေလ(၂၀)ရက်နေ့၊ မွန်းလွဲပိုင်းအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းနှင့် ရှင်စောပုလမ်းထောင့်ရှိ တိုင်းဒေသကြီးလူငယ်စင်တာခန်းမ၌ ကျင်းပပြုလုပ်ရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့  ပဲခူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းခန့်ကျော်နှင့် ဌာနဆိုင်ရာများ၊ ဦးဆောင်ဆွေးနွေးမည့်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အဖွဲ့အစည်းအသီးသီးမှလူငယ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာမှ လူငယ်မောင်မယ်များကလူငယ်ဆိုတာသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစည်သူထွန်း ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုး၊ ပဲခူးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ လူငယ်ကိုယ်စားလှယ် ကိုသူရိန်ဝင်း၊ ပဲခူးမြို့ ရွှေဒင်္ဂါး ပုဇွန်ငါးပိထောင်းနှင့် စားသောက်ကုန် လုပ်ငန်းစုမှ ဒေါ်မေသင်းခိုင်နှင့် ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာမှ ကွန်ပျူတာနည်းပြ ဦးအောင်သူတို့ကလူငယ်နှင့် အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် လူမှုဆက်ဆံရေး၊ လူငယ်နှင့်စီးပွားရေး(MSME) လူငယ်နှင့် နည်းပညာကဏ္ဍ၊ လူငယ်နှင့်ငြိမ်းချမ်းရေး ခေါင်းစဉ်များဖြင့် ဆွေးနွေးကြကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)