အောင်လံမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “ကျောင်းအပ်နှံရေးရက်သတ္တပတ်” မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အမွှေးနံ့သာရည်များ ပက်ဖျန်း

အောင်လံ မေ ၂၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးရက်သတ္တပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကျောင်းအပ်နှံရေးရက်သတ္တပတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းဇော်နှင့် ဆရာ/ဆရာမများက သတ်မှတ်နေရာတွင် စနစ်တကျစိုက်ထူပေးခဲ့ကြပြီး၊ ကျောင်းအပ်နှံရေး လှုံ့ဆော်ရေးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေနှင့် တာဝန်ရှိသူများက ကျောင်းနေအရွယ်ကလေးငယ်များအားလုံး အချိန်မီရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှုများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေလ(၂၅)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားရှိပြီး၊ မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ကျောင်းနေအရွယ်ကလေးငယ်များအား သတ်မှတ်ရက်သတ္တပတ်အတွင်း အချိန်မီကျောင်းအပ်နှံနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင်လည်း ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။

အာကာ(ပြန်/ဆက်)