ငဖဲ မေ ၂၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မြစိမ်းရောင် မျိုးကောင်းမျိုးသန့်(မွေးဘဏ်)စနစ်ဖြင့် ဒေသနွား အမကောင်ရေ ၅၀ ဖြန့်ဖြူးပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ချောင်းဖြူကျေးရွာဓမ္မာရုံ၌ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်လင်းက အဖွင့်အမှာစကား ပြောကြားပြီး ငဖဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက မြစိမ်းရောင် မျိုးကောင်းမျိုးသန့် နွားမွေးမြူမည့် တောင်သူများအနေဖြင့် နွားများကျန်းမာသန်စွမ်းစေရန် အစာအာဟာရ ညီညွတ်မျှတစွာပါဝင်သည့် အစားအစာများကို လုံလောက်စွာကျွေးမွေးရန်၊ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုး က မြစိမ်းရောင် မျိုးကောင်းမျိုးသန့် နွားအမမွေးမြူရေးလုပ်ငန်းကို မျိုးဆက်ပွားရန်၊ နို့ထုတ်လုပ်ရန်နှင့် အသားတိုးရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် နွားမျိုးကောင်းမျိုးသန့်ရရှိရန်၊ မိသားစုဝင်ငွေတိုးပွားရန်အတွက် သားဖောက်ချိန်၊ ကျန်းမာရေးနှင့် အစာအာဟာရတို့ကို အထူးဂရုစိုက်မွေးမြူရမည်ဖြစ်ကြောင်းနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မြစိမ်းရောင်မျိုးကောင်းမျိုးသန့်(မွေးဘဏ်) ဒေသနွားများဖြန့်ဖြူးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် နွားမွေးမြူရေးဆောင်ရွက်မည့် တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်လင်း၊ ငဖဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ချစ်ချယ်ရီစိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မျိုးကောင်းမျိုးသန့် ဒေသနွားအမကောင်ရေ ၅၀ ကို မွေးမြူမည့် တောင်သူများအား ဖြန့်ဖြူပေးအပ်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)