ရေတာရှည် ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့ နံနက် ၁၁ နာရီခွဲအချိန် ရေတာရှည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မြို့ကွက်သစ်ဖော်ဆောင်ရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးတွင် မြို့နယ် ၂၈ မြို့နယ်နှင့် မြို့အဖြစ် သတ်မှတ်ထားသော မြို့ပေါင်း ၅၀ ကျော်ရှိပါ ကြောင်း၊ နှစ်စဉ်နှင့်အမျှ တိုးပွားလာသော လူဦးရေ ပမာဏ များပြားလာသည့် အားလျော်စွာ မြို့ပြနေ လူဦးရေ အချိုးအစား အလိုက် လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက် အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရေတာရှည်-ကရင်ချောင်း-လိပ်သိုကို ဆက်သွယ်ထားသော စစ်တောင်းမြစ်ကူး တံတားကြီးဖွင့်လှစ်ပြီးနောက် ပိုင်း တောင်ပေါ်မြေပြန့် ကုန်စည် ကူးသန်းမှုများစွာ ဖွံ့ဖြိုးတိုးတက်လာနေပြီဆိုတာလဲ ကြားသိရပါ ကြောင်းနှင့် ရေတာရှည်မြို့ အရှေ့ဘက် ဘိုးတော်ကုန်း ကျေးရွာ အုပ်စုတွင် ဆောင်ရွက်မည့်မြို့ ကွက်သစ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြေယာ အမျိုးအစားအလိုက် ကွင်းဆင်းစိစစ် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့ကွက်ချထားရေးကော်မတီ အတွင်းရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင် က မြို့ကွက်သစ် အကောင် အထည် ဖော် ဆောင်ရွက်နိုင်မှုများကိုလည်းကောင်း၊ မြေယာများ သိမ်းဆည်းခြင်း၊ လျော်ကြေးငွေပေးအပ်ခြင်း၊ မြေယာများ လျော့နည်းမှု စားနပ်ရိက္ခာဖူလုံရေး တွက်ချက်မှုနှင့် ကြံသနွယ်ကျေးရွာ အုပ်စုတွင် သူနာပြုဒီပလိုမာ သင်တန်းကျောင်း ဖွင့်လှစ်နိုင် ရေး ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းအစီအမံများကို တင်ပြဆွေးနွေးခဲ့ရာ ဝန်ကြီးချုပ်က လိုအပ် သည်များ ဖြည့်စွက်၍ လမ်းညွှန် ဆွေးနွေးသည်။
ဆက်လက်၍ မြို့ကွက်ချထားရေး ကော်မတီဥက္ကဋ္ဌ၊ တောင်ငူခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးထက်နှင့် တောင်ငူခရိုင် မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်မင်းတို့က ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနား တက်ရောက် လာသူများကလည်း မြို့ကွက်သစ်ဖော် ဆောင်နိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆု(ပြန်/ဆက်)