ပခုက္ကူမြို့၌ ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင် မြတ်စွာဘုရားကြီး၏ နယုန်လဗုဒ္ဓပူဇနိယပွဲတော်အတွက် ဈေးဆိုင်ခန်းတစ်ချို့ စတင်ဖွင့်လှစ်ရောင်းချနေပြီဖြစ်

ပခုက္ကူ မေ ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၌ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင် မြတ်စွာဘုရားကြီး၏ နယုန်လဗုဒ္ဓပူဇနိယပွဲတော်ကို မေလ ၂၃ ရက်မှ ဇွန်လ ၇ ရက်နေ့အထိ ၁၆ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ယခုအခါ ဈေးဆိုင်ခန်းတစ်ချို့ စတင်ဖွင့်လှစ်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

“သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ နယုန်လဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိရာ ယခုနှစ်တွင်လည်း မေလ ၂၃ ရက်မှ ဇွန်လ ၇ ရက်နေ့အထိ ဆယ့်နှစ်ပွဲဈေးသည်များ၏ စုပေါင်းဈေးရောင်းပွဲတော်များ၊ ရုပ်စုံသဘင်နှင့် ဇာတ်အလှသဘင်ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်း၍ (၁၆)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပွဲတော်ကာလအတွင်း ဆိုင်ခန်းဖွင့်လှစ်ပါဝင်နိုင်ရေး ယခင်ဆိုင်ခန်းရှင်များကို မေလ ၁ ရက်နေ့မှ ၈ ရက်နေ့အထိနှင့် ဆိုင်ခန်းရှင်အသစ်များကို မေလ ၉ ရက်မှ ၂၂ ရက်နေ့အထိ လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ ဆိုင်ခန်းတစ်ချို့မှာ မေလ ၁၅ ရက်ကပင် စတင်ဖွင့်လှစ်ရောင်းချနေကြပြီဖြစ်ကြောင်း၊ ပွဲတော်တွင် ခေတ်ပေါ် အဝတ်အထည်ဒီဇိုင်းအရောင်းဆိုင်များ၊ ချက်ပြုတ်ရေးသုံးပစ္စည်းအရောင်းဆိုင်များ၊ အညာဒေသထွက်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ တောင်သူလယ်သမားသုံး ပစ္စည်းအရောင်းဆိုင်များ၊ ကလေးကစားစရာပစ္စည်းအရောင်းဆိုင်များ၊ မုန့်ဆိုင်တန်းများစသည်ဖြင့် ရပ်နီးရပ်ဝေးမှဈေးသည်များ၊ ဒေသခံဈေးသည်များပါဝင်သော နှစ်ဆယ့်ပွဲဈေးသည်များ၏ ဈေးဆိုင်ခန်းပေါင်း (၅၀၀)ကျော်ဖွင့်လှစ်သွားမည်ဖြစ်ပြီး  မိဘပြည်သူများ စိတ်အပန်းပြေနိုင်စေရေးအတွက် ကလေးကစားစရာနေရာများ၊ ပင်လယ်ဓားပြအပါအဝင် အပျော်စီးနေရာများ စီစဉ်ထည့်သွင်းခြင်း၊ သီဟိုဠ်ရှင်ကဇာတ်ရုံတွင် မေလ ၂၄ ရက်မှ ၂၆ ရက်အထိ ထွန်းထွန်းဝင်းရုပ်စုံသဘင်၊ မေလ ၂၈ ရက်မှ ၃၁ ရက်အထိ စမ်းရေမိုးဇာတ်အဖွဲ့နှင့် ဇွန်လ ၃ ရက်မှ ၇ ရက်အထိ ကောင်းစစ်ဟိန်းဇာတ်အဖွဲ့တို့၏ ဇာတ်အလှသဘင်ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း” ဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှဖုန်းက ပြောပြသည်။

ဘာမီသာ(ပခုက္ကူ)