ပြည် ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အဝင် (နဝဒေး)တံတား စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေး စစ်ဆေးရေး လုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့က အဆိုင်းသုံးဆိုင်းဖြင့် နေ့/ည မပြတ် အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဂိတ်တွင် ပြည်မြို့သို့ ဝင်ထွက် သွားလာသည့် ကုန်တင်ကားကြီးများ အပါအဝင် မော်တော်ယာဉ် ယာဉ်နံပါတ်၊ ယာဉ်မောင်း အမည်၊ ဖုန်းနံပါတ်၊ ထွက်ခွာလာသည့်နေရာနှင့် သွားရောက်မည့် နေရာတို့ကို စစ်ဆေးမေးမြန်း၍ မှတ်တမ်း ရေးသွင်းခြင်း၊ ယာဉ်ပေါ်ပါသူ အားလုံးကို သက်ဆိုင်ရာဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူများ၏ ခရီးသွား ထောက်ခံချက်နှင့် ကျန်းမာရေးထောက်ခံချက်များ ပါ/မပါ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်မြို့တွင် (ဆင်မကြပ်ဂိတ်)အပါအဝင် နဝဒေး တံတားဂိတ်၊ (တာဂွ) လမ်းဆုံဂိတ်နှင့် နဝင်း(ကင်းချောင်းတံတားဂိတ်) စသည့် ဂိတ်(၄)ဂိတ်တို့ တွင် ခရိုင်အတွင်း မြို့နယ်များနှင့် အခြားဒေသများမှ ဝင်ထွက်သွားလာခြင်းများကို အလားတူစစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
မင်းမင်းစိုး(ပြန်/ဆက်)