မြိတ်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး‌‌နေ့ သီတင်းပတ် မိဘပြည်သူများအား အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ

မြိတ် မေ ၂၁

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်း‌နေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြရန်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ယနေ့ နံနက်ပိုင်းက မြိတ်မြို့ရှိ ကျောင်းများတွင် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ” ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာကို စိုက်ထူခဲ့ကြသည်။

“နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေး သီတင်းပတ် အလျား(၆)ပေ အနံ(၃)ပေရှိ မြေစိုက်ပိုစတာကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်၊ ခရိုင်ပညာရေးမှူး ဦးသန်းထိုက်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/မများက အထက(၁)၊  အလက(၅)နှင့် အထက(၅)တို့တွင် စိုက်ထူခဲ့ကြသည်။

ကျောင်းအပ်နှံရေး သီတင်းပတ်ကာလသည် မေလ(၂၅)ရက်မှ (၃၁)ရက်အထိဖြစ်ပြီး ကျောင်းအသီးသီးတွင်လည်း မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ကျောင်းအပ်နှံရေး သီတင်းပတ်မတိုင်မီ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာများ၊ ကျောင်းအုပ်၊ ဆရာ/ဆရာမများ သိရှိလိုက်နာရမည့် အချက်များ၊ မိဘအုပ်ထိန်းသူများသို့ မေတ္တာရပ်ခံချက်များ၊ ကျောင်းအပ်နှံရေးသီတင်းပတ် နှိုးဆော်စာများနှင့် ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များကို ဆက်လက်စိုက်ထူကြမည်ဖြစ်ပြီး ဇွန်လ(၁)ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းများ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

မြိတ်မြို့နယ်အနေဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား/သူများ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအသီးသီး၌ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ မြိတ်မြို့နယ်အတွင်း အထက်တန်းကျောင်း(၁၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၈)ကျောင်း၊ အလယ်တန်းကျောင်း (၁၂)ကျောင်း၊ အလယ်တန်း ကျောင်းခွဲ(၉)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၄)ကျောင်း၊ မူလတန်းကျောင်း(၇၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၅)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၈)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခိုင်ထူး (ပြန်/ဆက်)