မင်းဘူး(စကု)မြို့နယ်၌ ရက်(၁၀၀)စီမံချက်အတွင်း ပြည်ထောင်စု နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများဆောင်ရွက်မည့် ဒေသခံတောင်သူများအား ချေးငွေများပေးအပ်

မင်းဘူး မေ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက်(၁၀၀)စီမံချက်အတွင်း ပြည်ထောင်စုနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများဆောင်ရွက်မည့် ဒေသခံတောင်သူများအား ချေးငွေများပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမြင့်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင်တို့က အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ခရိုင်ဦးစီးမှူး ဦးရဲဝင့်နိုင်က နိုင်ငံ့စီးပွာမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများကို သက်သာသောအတိုးနှုန်းထားဖြင့် ထုတ်ချေးပေးနေမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများထံ ချေးငွေများပေးအပ်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်း အမြစ်)က ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေမှ ရက်(၁၀၀)စီမံချက်ဖြင့် ရေသွင်းစိုက်ဧကများ အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာတိုးတက်လာစေရေး၊ စိုက်ပျိုးရေကို လိုအပ်သလိုသုံးစွဲပြီး တစ်နှစ်ကို သီးနှံသုံးသီးစိုက်ပျိုးနိုင်စေကာ ဒေသခံတောင်သူများ၏ စားရေရိက္ခာနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဆိုလာစနစ်သုံး မြေအောက်ရေဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများနှင့် အနိမ့်တင်ဆိုလာရေတင်စနစ်ဆောင်ရွက်မည့် ကဒီးကျေးရွာမှ ဒေသခံတောင်သူများအား ပြည်ထောင်စု နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများဖြင့် တစ်ဦးလျှင် ငွေကျပ်သိန်း ၄၀ နှုန်းဖြင့် စုစုပေါင်း တောင်သူ(၁၀)ဦးအား ငွေကျပ်သိန်း ၄၀၀ ကို သက်သာသောအတိုးနှုန်းထားဖြင့် ထုတ်ချေးပေးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)