ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ၆၆၁၁ ဧက စိုက်ပျိုးမည်

ပွင့်ဖြူ မေ ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ၆၆၁၁ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲစင်းငုံ ၆၆၁၁ ဧက စိုက်ပျိုးရန် လျာထားပြီး ယခုနှစ် ဇွန်လမှ စတင်၍ စက်တင်ဘာလအထိ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ပဲစင်းငုံ ၆၆၁၁ ဧက စိုက်ပျိုးဖို့လျာထားပါတယ်။ လျာထားစိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက်ဆောင်ရွက်ပေးသွားပါမယ်။ ပဲစင်းငုံစိုက်ပျိုးရာတွင် အထွက်နှုန်းနဲ့အရည်အသွေးကောင်းမွန်အောင်လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာပါ။ ပဲစင်းငုံကို သီးသန့်စိုက်ပျိုးကြသလို နှစ်သီးစားဝင်ငွေရအောင် မြေပဲ၊ နှမ်း စတဲ့ သီးနှံတွေနဲ့ သီးထပ်သီးညှပ်အနေနဲ့လဲ စိုက်ပျိုးတာတွေရှိပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ပဲစင်းငုံစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များမှန်ကန်ရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး၊ အထွက်နှုန်းကောင်းမွန်စေရေးတို့အတွက် စိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပဲစင်းငုံကို အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်းစားသုံးမှုဖူလုံစေရုံမျှမက ပိုလျှံမှုကို ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်မည်ဖြစ်သောကြောင့် ဝင်ငွေတိုးပွားစေမည်ဖြစ်၍ ပဲစင်းငုံကို ဒေသမရွေး ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန်ကြိုးပမ်းသင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)