ကဝ မေ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကဝမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား / ကျောင်းသူများ အသိပညာဗဟုသုတရရှိပြီး စာဖတ်သောအလေ့အကျင့်ကောင်းများ ရှင်သန်လာစေရန်ရည်ရွယ်၍ ရုံးချုပ်မှပေးပို့သော သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရာ တက်ရောက်လာသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း (ကဝ) မှ ကျောင်းသား/ ကျောင်းသူ (၁၅) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)