ဟင်္သာတ မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံစာရေးဆရာအသင်း ဟင်္သာတမြို့နယ် အမှုဆောင်သစ်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်မြင့်ဦးက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာအသင်း ဥက္ကဋ္ဌ(ဟောင်း) ဒေါ်ခင်စောဝင်းမှ နှုတ်ဆက်စကားပြောကြားခြင်း၊ အသစ်ရွေးချယ်တာဝန်ပေးအပ်သည့် ဟင်္သာတမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အမှုဆောင်ကော်မတီဝင်အသစ် ၅ ဦးတို့၏ အမည်စာရင်းအား ဖတ်ကြားတင်ပြခြင်းတို့ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၂၀၂၆ ခုနှစ်အတွက် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခြင်းနှင့် တာဝန်မှ အနားယူသွားခဲ့သည့် ဥက္ကဋ္ဌ ဒေါ်ခင်စောဝင်းအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးဟန်၊ လေးမျက်နှာမြို့နယ်မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်း (ပြည်သူ့ရှေ့ဆောင်ပါတီ)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးအောင်မြင့်ဦး၊ ဟင်္သာတမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်ခင်စောဝင်းနှင့် စာရေးဆရာအသင်းဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)