မော်လမြိုင်ကျွန်း မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ခြင်မှတဆင့် ကူးစက်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစန်းဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်သူနှင့် ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကာ ကျောင်းအတွင်းရှိ ရေတွင်း၊ ရေကန်များ၊ သိုလှောင်ရေကန်များ၊ ဘုရားညောင်ရေအိုးများ၊ အသုံးမပြုသည့် ရေအိုးရေခွက်များနှင့် တာယာကွင်းများအတွင်း ခြင်ပေါက်ပွားမှုမရှိစေရေး အတွက် “ဖုံး၊ သွန်၊ လဲ၊ စစ်” လုပ်ငန်းများကိုဆောင်ရွက်ပေးခဲ့ကြပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးခပ်ပေးခြင်းနှင့် ကျောင်းအတွင်းရှိအခန်းများကို ခြင်ဆေး ဖြန်းပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့ပြင် မကြာမီ ကျောင်းဖွင့်ရာသီကာလ ရောက်ရှိလာတော့မည်ဖြစ်သဖြင့် ကျောင်းဝန်းအတွင်းရှိ အမှိုက်များနှင့် အိမ်သာများကို သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရှိစေရေးအတွက် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှလည်း အမှိုက်သိမ်းယာဉ်များဖြင့် ကျောင်းအတွင်းရှိ အမှိုက်များကို စနစ်တကျသိမ်းဆည်းပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ ဆက်)