ပွင့်ဖြူ မေ ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရန်အတွက် မြို့တွင်းလမ်းဘေး(ဝဲ ၊ ယာ)များနှင့် ပြည်သူများ စိတ်အပန်းဖြေနေရာဖြစ်သည့် ပွင့်မာလာပန်းဥယျာဉ်ခြံတွင် ပန်းအလှပင်များစိုက်ပျိုးရန်အတွက် မေ ၁၉ ရက်နေ့က ပန်းအလှပင်ပြုစုပျိုးထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများပူးပေါင်းအဖွဲ့က မြို့တွင်းလမ်းဘေး(ဝဲ၊ ယာ)များတွင် ပန်းအလှပင်များ စိုက်ပျိုးနိုင်ရန်အတွက် ပွင့်မာလာပန်းဥယျာဉ်ခြံရှိ ပျိုးဥယျာဉ်တွင် ရွက်လှပန်းပင် ၂၀၀ ပင်နှင့် ဗိုလ်ကတော်ပန်းပင် ၁၀၀ ပင် တို့ကို စနစ်တကျပျိုးထောင်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့တွင်းမိန်းလမ်းမကြီးဘေး(ဝဲ၊ယာ)တွင် ရောင်စုံစက္ကူပန်းပင်များ မြေချစိုက်ပျိုးနိုင်ရန် မြေကျင်းတူးခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြသန့်ရှင်းသာယာလှပရေးအတွက် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ရေဆိုးထုတ်မြောင်းနှင့် ရေနုတ်မြောင်းများတူးဖော်ခြင်း၊ မြို့တွင်းလမ်းများနှင့် ရပ်ကွက်တွင်း လမ်းများအဆင့်မြှင့်တင်ခြင်း၊ မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာစိမ်းလန်းစိုပြည်စေရန် ပန်းအလှပင်များစိုက်ပျိုးခြင်း၊ ပန်းအလှပင်များပျိုးထောင်ခြင်း၊ လမ်းဘေး(ဝဲ၊ ယာ)ရှိ စွန့်ပစ်ပလပ်စတစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ ပေါင်းမြက်များနှင့် ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ မြို့နေပြည်သူများ စည်းကမ်းတကျအမှိုက်စွန့်ပစ်နိုင်ရန် အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်များ လိုက်လံသိမ်းဆည်းပေးခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)