မင်းဘူး(စကု)မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာပေါင်း(၅)ရွာအား စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်

မင်းဘူး မေ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြု့နယ်၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း(MSY)၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း(RBF)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)လုပ်ငန်းများအတွက် ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပိုက်သင်ကျေးရွာဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ရွှေမင်းနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမြင့်တိုက အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သူဦးနှင့် တာဝန်ရှိသူများက စီမံကိန်းရန်ပုံငွေများကို ကျေးရွာကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်သည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေမှ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သည့် နန်းတော်ကုန်းကျေးရွာနှင့် ထိန်တောကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (MSY)ဆောင်ရွက်ရန် တစ်ရွာလျှင် ငွေကျပ်သိန်း ၃၀၀ နှုန်း၊ ပိုက်သင်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) ဆောင်ရွက်ရန် ငွေကျပ်သိန်း ၃၀၀၊ ကမ်းနီကျေးရွာနှင့် ကုန်းတန်းကျေးရွာတို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်ရန် တစ်ရွာလျှင် ငွေကျပ်သိန်း ၁၅၀ နှုန်းဖြင့် အဆိုပါကျေးရွာပေါင်း(၅)ရွာအတွက် စီမံကိန်းလုပ်ငန်းခွင့်ပြုရန်ပုံငွေ စုစုပေါင်းငွေကျပ် သိန်းပေါင်း ၁၂၀၀ ကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)