အထက်မင်းလှ မေ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ အိုင်အိုဒင်းဆားသုံးစွဲရေး လှုပ်ရှားမှုအနေဖြင့် ဇေယျာသီရိဈေးတွင် အိုင်အိုဒင်းဆားရောင်းချခြင်း၊ ဝယ်ယူစားသုံးခြင်းရှိ/မရှိ စျေးဆိုင်များအားစစ်ဆေးခြင်း အသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ဇေယျာသီရိဈေးအတွင်းနှင့် ဈေးပြင်ပရှိ ကုန်စုံဆိုင်များတွင် ရောင်းချသော အိမ်သုံးဆားများ၌ အိုင်အိုဒင်း အရည်အသွေးပြည့်မီမှု ရှိ၊ မရှိ စစ်ဆေးခဲ့ကြပြီး အရည်အသွေးပြည့်မီသော ဆားများကိုသာ ရောင်းချရန် ၊ အိုင်အိုဒင်းဓာတ် လေလွှင့်ဆုံးရှုံးမှုမရှိရေး လုံခြုံစွာဖုံးအုပ်အသုံးပြုကြရန် လိုအပ်ကြောင်းနှင့် အိုင်အိုဒင်းဓာတ်သည် ခန္ဓာကိုယ်ကြီးထွားစေခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးစေခြင်းတို့အတွက် အရေးပါသော သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ရာတွင်မရှိမဖြစ်သော အာဟာရဓာတ်တစ်ခုဖြစ်ကြောင်း၊ အိုင်အိုဒင်းဓာတ်ချို့တဲ့ပါက ကိုယ်ဝန်ဆောင်မိခင်များတွင် သားပျက်၊ သားလျှောခြင်း၊ ကလေးအသေမွေးဖွားခြင်း၊ ကလေးများခန္ဓာကိုယ်ကြီးထွားမှု နှေးကွေးခြင်း၊ ဉာဏ်ရည်နိမ့်ပါးခြင်းနှင့် ကလေး၊ လူကြီးမရွေးလည်ပင်းကြီးရောဂါ ခံစားရခြင်း၊ သွက်လက်မှုမရှိဘဲ ထုံထိုင်း နှေးကွေးခြင်း စသည့်ရောဂါများ ခံစားရနိုင်ကြောင်းကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)