အုတ်တွင်း မေ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင်ကို ယ်ကာယကြံ့ခိုင်မှုအခြေခံ Fitness Dance သင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ရည်ရွယ်ချက်များနှင့် နွေရာသီကျောင်းပိတ်ရက်တွင် မြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူလူငယ်များ အားကစားနှင့်ကာယပညာ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည့် Fitness Dance သင်တန်းကို မေ ၂၀ ရက်နေ့မှ မေ ၂၂ ရက်နေ့ထိ ၃ ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းသား၊သင်တန်းသူ( ၂၅ )ဦး တက်ရောက်ခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ အဖွဲ့ဝင်များက တက်ရောက်လာသည့် သင်တန်းသား/သင်တန်းသူများအား အချိုရည်များ ပေးဝေခဲ့သည်။
သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များနှင့်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များ ခင်းကျင်းပြသပေးခဲ့ရာ ကျောင်းသား၊ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)