တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကော့သောင်းမြို့နယ်ရှိ စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်နိုင်ရေး ကော်ဖီနှင့်ကိုကိုးစိုက်ကွက်များအား သွားရောက်ကြည့်ရှု၍ ဆီအုန်း၊ ရော်ဘာနှင့် ကွမ်းသီးစိုက်ပျိုးထုတ်လုပ်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

ကော့သောင်း မေ ၂၁

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မေလ (၂၀) ရက်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့နယ်၊ နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (မလိဝမ်း)ရှိ ကော်ဖီပျိုးယှဉ်ပြိုင်စမ်းသပ်ကွက်နှင့် ကိုကိုးသီးနှံစမ်းသပ်စိုက်ကွက်များသို့ သွားရောက်ကြည့်ရှု၍ စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရေး‌ ဝိုင်းဝန်းဆောင်ရွက်သွားကြရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ကြမ်းပစ္စည်းများကို ကုန်ချောပစ္စည်းများဖြစ်အောင်  MSME လုပ်ငန်းများဖြင့် တိုးချဲ့မြှင့်တင်ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် (၁၈)မိုင် ရွှေဆီအုန်းကုမ္ပဏီတွင် ဆီအုန်း၊ ရော်ဘာနှင့် ကွမ်းသီးစိုက်ပျိုးထုတ်လုပ်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ရာ ဝန်ကြီးချုပ်က စိုက်ပျိုးရေးကိုအခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ရန် သီးနှံများအလိုက်  အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဌာနများနှင့် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ခိုင်မာသော ဈေးကွက်ဖြစ်ပေါ်လာကာ စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၏ လူနေမှုဘဝမြှင့်တင်မှုကို အထောက်အကူပြုလာနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ တွန်းအားပေးကူညီဆောင်ရွက်လျက်ရှိသည့်အတွက် တောင်သူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် အမြဲမပြတ် ဆက်သွယ်ဆောင်ရွက်ပြီး ခေတ်မီ စိုက်ပျိုးရေးနည်းပညာများနှင့် သတင်းအချက်အလက်များကို လက်ဆင့်ကမ်းရယူ‌၍ မိမိတို့တိုင်းဒေသကြီး၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားရန် ပြောကြားသည်။

ထို့နောက် ရွှေဆီအုန်းကုမ္ပဏီနှင့် ယုဇနဆီအုန်းကုမ္ပဏီမှ တာဝန်ရှိသူများမှ မိမိတို့ကုမ္ပဏီများနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း၍ တာဝန်ရှိသူများနှင့်အတူ စားအုန်းဆီထုတ်လုပ်မှုအဆင့်ဆင့်နှင့် ဆီအုန်းဆီကြမ်းစက်ရုံအား လိုက်လံကြည့်ရှုခဲ့သည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်အတွင်း Good Water Co.,Ltd မှ သောက်သုံးရေ ဖြန့်ဖြူးပေးဝေခြင်းလုပ်ငန်းဆောင်ရွက်‌မှု အခြေအနေများ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)