မင်းလှမြို့နယ်၌ ပညာရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

အထက်မင်းလှ မေ ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်း၊ ဆရာ၊ ဆရာမများနှင့် ပညာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မေလ ၁၉ ရက်နေ့နံနက်က မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူးမှ ပညာရေးဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ပညာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကာ တက်ရောက်လာသည့် ကျောင်းအုပ်ဆရာ၊ ဆရာမများက မိမိတို့နှင့်သက်ဆိုင်သည့် ကျောင်းများနှင့်ပတ်သက်၍ လိုအပ်သည့်ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့သည် အ.ထ.က(မင်းလှ)၊ အ.မ.က(၆) နှင့် အ.မ.က(ကုန်းရွာ)ကျောင်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းဥပဓိရုပ်များ ကောင်းမွန်ခိုင်ခံ့မှုရှိစေရေးနှင့် ကျောင်းအားကစားကွင်းများ ပြန်လည်ပြုပြင်ထိန်းသိမ်း၍ အားကစားပစ္စည်းများ စုံလင်မှုရှိစေရေး အထူးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ဆက်လက်ပြီး အ.ထ.က(မင်းလှ)ကျောင်းမှ ဘင်ခရာအဖွဲ့အား ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)