ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတက်ရောက်

ပုသိမ် မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အခွန်ဆိုသည်မှာ ပြည်သူ့ထံက ရသည့်အင်အားကို ပြည်သူ့ဆီ ပြန်လည်ဖြည့်တင်းပေးခြင်းဖြစ်ပါကြောင်း၊ အခွန်ရှောင်တိမ်းမှုများသည် တရားသဖြင့် အခွန်ပေးဆောင်နေသည့် လုပ်ငန်းရှင်များကို နစ်နာစေသကဲ့သို့ ဒေသဖွံ့ဖြိုးရေးများကိုလည်း နှောင့်နှေးစေပါကြောင်း၊ ထို့ကြောင့်လည်း အခွန်လွတ်ကင်း ရှောင်တိမ်းမှုများ မဖြစ်ပေါ်စေရန် ယခုကဲ့သို့ အခွန်ပညာပေး ရှင်းလင်းပွဲအစီအစဉ်များကို ပြုလုပ်နေရခြင်းဖြစ်ပါကြောင်း၊ အခွန်ပေးဆောင်ခြင်းသည် မိမိတို့၏မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်သည့် ပညာရေး၊ ကျန်းမာရေးနှင့် ခိုင်ခံသည့်အခြေခံအဆောက်အဦများကို အတူတကွတည်ဆောက်နေခြင်းဖြစ်ပါကြောင်း၊ အများပြည်သူပေးဆောင်လိုက်သည့် အခွန်ငွေများသည်လည်း “ အခွန်ဝေစုအဖြစ်ဖြင့် မိမိတို့တိုင်းဒေသကြီးဆီ ပြန်လည်စီးဆင်းဝင်ရောက်လာမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများအနေဖြင့်လည်း ဝန်ဆောင်မှုပေးသူပီသစွာဖြင့် အများပြည်သူ၊ လုပ်ငန်းရှင် အခွန်ထမ်းများကို နွေးထွေးပျူငှာစွာ ကူညီဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ရှိကြသည့် ဌာနဆိုင်ရာများ၊ အခွန်ထမ်းပြည်သူများနှင့် မိမိတို့အားလုံး စိတ်တူကိုယ်တူတက်ညီလက်ညီနှင့် တိုင်းဒေသကြီး၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုကိုအရှိန်အဟုန်ကို ပူးပေါင်းမြှင့်တင်ဆောင်ရွက်ပေးသွားကြရန်လိုပါကြောင်း” ပြောကြားသည်။

ထို့နောက် ပြည်တွင်းအခွန်များဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဝင်ငွေခွန်၊ ကုန်သွယ် လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ တံဆိပ်ခေါင်းခွန်စသည့် တည်ဆဲအခွန်ဆိုင်ရာဥပဒေများနှင့် အခွန်ကောက်ခံမှုလုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက နိုင်ငံ့ဝန်ထမ်းများအတွက် ပြည်တွင်းဆေးကုသ စရိတ် ပြန်လည်ထုတ်ပေးခြင်းလုပ်ငန်းစဉ်များနှင့် ခွေးရူးပြန်ရောဂါအကြောင်း သိကောင်းစရာများအားလည်းကောင်း ရှင်းလင်းဆွေးနွေးမှုများအပေါ် တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)