မကွေး မေ ၂၀
မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမှီသီးနှံများ စနစ်တကျစိုက်ပျိုးထုတ်လုပ်နိုင်စေရန်ရည်ရွယ်၍ စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်ကောင်းများ (Good Agricultural Practices - GAP) ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ တောင်သူဦးကြီးများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သဖြင့် သီးနှံများအရည်အသွေးမီစေရန် GAP နည်းစနစ်သည် အလွန်အရေးကြီးကြောင်း၊ GAP စနစ်ဖြင့် စိုက်ပျိုးခြင်းကြောင့် ဓာတုကြွင်းကျန်မှုကင်းစင်ပြီး ပြည်တွင်း ပြည်ပဈေးကွက်သို့ ယုံကြည်စိတ်ချစွာ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မျိုးကောင်း၊ မျိုးသန့်များသုံးစွဲရန်နှင့် စိုက်ပျိုးရေးဌာနမှ ပညာရှင်များ၏ နည်းပညာပေးလမ်းညွှန်ချက်များကိုလိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက GAP စနစ်၏အကျိုးကျေးဇူးများ၊ လိုက်နာရမည့်စည်းကမ်းချက် (၁၆) ချက်နှင့် GAP အသိအမှတ်ပြုလက်မှတ် လျှောက်ထားရယူနိုင်သည့်နည်းလမ်းများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စိုက်ပျိုးရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ တောင်သူများအတွက် စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်ကောင်းများ (GAP) အသုံးပြု၍ စနစ်တကျစိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆွေးနွေးခဲ့ပြီး GAP စနစ်ဖြင့် စိုက်ပျိုးသည့်တောင်သူများအား အကျိုးတူဆောင်ရွက်သည့် ကုမ္ပဏီမှ သွင်းအားစုများပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့် စပ်လျဉ်းသည့် ကိန်းဂဏန်းအချက်အလက်များကို ပြည်သူများသိကောင်းစရာအဖြစ် ပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးမန်နေဂျာ ဦးသိန်းထိုက်က ထုတ်ချေးပေးမည့်ချေးငွေအစီအစဉ်သစ်နှင့်ပတ်သပ်၍ ဆွေးနွေးဟောပြောကာ တက်ရောက်လာသည့်တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)