ပဲခူး မေ ၂၀
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ အားကစားဥယျာဉ်၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ခ) အဖွင့်ပွဲစဉ်အား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘောလုံးဝါသနာရှင်များနှင့်အတူ အဖွင့်ပွဲစဉ်အဖြစ် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြုအသင်းနှင့် မကွေးတိုင်းဒေသကြီးကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ရာ ပဲခူးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၄) ဂိုး (၀) ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။
ပဲခူးမြို့၌ ကျင်းပပြုလုပ်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ပဲခူးဇုန်၌ မေလ ၂၀ ရက်နေ့တွင် နေပြည်တော်အသင်းနှင့်ချင်းပြည်နယ်အသင်း၊ မေလ ၂၂ ရက်နေ့တွင် ချင်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ မေလ ၂၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်း၊ မေလ ၂၅ ရက်နေ့တွင် ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးအသင်း၊ မေလ ၂၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ကြည့်ရှုသူ အားကစားဝါသနာရှင် ပရိသတ်များနှင့်စည်းကားလျက်ရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)