လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁) ကျင်းပ

လွိုင်ကော် ဇန်နဝါရီ ၁၈

လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေက မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပြဋ္ဌာန်းပြီး တားဆီးနှိမ်နှင်းရေး လုပ်ဆောင် ရာတွင် ဥပဒေ၏ ထူးခြားချက်အရ ဗဟိုအဆင့်နှင့် ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ထိ တားဆီးကာကွယ်ရေး အဖွဲ့ များ အဆင့်ဆင့်ဖွဲ့စည်း ပြီး ဆောင်ရွက်လျက်ရှိရာ ဗဟိုအဆင့်တွင်လည်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရ သူများ အား အကာအကွယ်ပေးရေးလုပ်ငန်းအဖွဲ့၊ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ လူကုန်ကူးခံရသူများ ပြန်လည် လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ စသည့် လုပ်ငန်းအဖွဲ့(၃)ဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်နေကြောင်း၊ ကယားပြည်နယ်အနေဖြင့် ထိုင်းနိုင်ငံနှင့် ဆက်စပ်လျက်ရှိရာ နှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ထားခြင်း၊ အာဆီယံလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ဝင် နိုင်ငံများဖြစ်ခြင်း၊ နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံး ဖွင့်ထားခြင်း စသည့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း၊ ကယားပြည်နယ်အတွင်း လူကုန်ကူးမှုမဖြစ်ပွားစေရေးအတွက် ပြည်နယ် အတွင်းရှိ ကာကွယ်ရေးအဖွဲ့ဝင်များ အနေဖြင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားရန်၊ ပြည်သူများနှင့် အနီးကပ်ရှိနေသည့် ရပ်ကွက်/ကျေးရွာ အခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန်နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းတွင် အဆင့်လိုက်ချမှတ်ပေးအပ်ထား သည့် လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့နယ်၊ ရပ်ကျေးအဆင့် ရပ်မိရပ်ဖများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်း များအနေဖြင့် မိမိတို့၏ ဆွေမျိုးသားချင်းများနှင့် ကယား ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ လူကုန်ကူး မခံ ရအောင် ဝိုင်းဝန်းကာကွယ်ကြရန်နှင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့များကို သတင်းပေးပို့ကြရန် အလေးထား တိုက်တွန်း လိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေက ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့တွင် ပါဝင်သော အဖွဲ့ဝင်များက လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြရာ ပြည်နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေက လုပ်ငန်း လိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၁)သို့ ကယားပြည်နယ် လုံခြုံရေး နှင့် နယ်စပ် ရေးရာဝန်ကြီး၊ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တရားလွှတ်တော် တရားသူကြီးနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)