ကော့သောင်း မေ ၂၀
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံး၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦး ဇော်နိုင်ဦးနှင့်တာဝန်ရှိသူများက မေ (၁၉) ရက်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့ကြသည်။
ဦးစွာ ရက် (၁၀၀) စီမံချက်ဖြင့် လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အစိုးရသစ်ရက် (၁၀၀) စီမံချက်ဖြင့် ပိတောက်ရွှေဝါရပ်ကွက်ရှိပြည်သူများအားဖိတ်ခေါ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်ပေးနေမှုအခြေအနေများအား လိုက်လံကြည့်ရှုခဲ့သည်။ ယင်းနောက် ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေကာပြည်သူများထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ရက် (၁၀၀) စီမံချက်ဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အသက် (၁၈) နှစ်ပြည့်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် မရရှိသေးသူများအား ဆောင်ရွက်ပေးခြင်း၊အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီး မှတ်ပုံတင်ခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ အသက် (၁၀) နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ဇီဝဆိုင်ရာအချက် အလက် (Biometric) ကောက်ယူ၍ UID ကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို ဧပြီ (၂၀) ရက်နေ့မှ ဇူလိုင်လ (၃၁) ရက်နေ့ထိ မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)