မင်းဘူး မေ ၂၀
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် မင်းဘူးခရိုင်အတွင်း၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် မေ ၁၉ ရက် နံနက်ပိုင်းက မင်းဘူးမြို့ရှိ မင်းပူးဦးဩဘာသ မြို့နယ်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့အစည်းများနှင့်တွေ့ဆုံကာ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက ယခုလက်ရှိ နိုင်ငံတော်အစိုးအရအသစ်အနေဖြင့် ဒေသတွင်းဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရက် (၁၀၀) စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကိစ္စရပ်များနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး၊ မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က မင်းဘူးခရိုင်၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်တင်ပြမှုများပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူး-အမ်းကားလမ်း မိုင်တိုင်အမှတ် (၂/၀) မိုင်ရှိ ကန်ရေအမြဲတမ်းပျိုးဥယျာဉ်သို့သွားရောက်၍ ပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် မိုးရာသီတွင် သစ်ပင်စိုက်ပျိုးသွားမည့် အစီအစဉ်များကို ကြည့်ရှုစစ်ဆေးခြင်း၊ မီးရထားဘူတာရုံဝန်းအတွင်း နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ပြုလုပ်မည့် မြေဧရိယာ ၁၅ ဧကတွင် ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်သည်။
ဆက်လက်၍ တာဝန်ရှိသူများသည် မင်းဘူးမြို့ အမှတ် (၁) ရေနံဓာတ်ငွေ့ရည်စက်ရုံသို့သွားရောက်ပြီး ရှင်းလင်းဆောင်၌ စက်ရုံဝန်ထမ်းများနှင့်တွေ့ဆုံကာ တာဝန်ရှိသူများ၏ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုအား လိုက်လံရှင်လင်းတင်ပြမှုအပေါ် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း၊ မန်းရေနံမြေဧရိယာရှိ သံကန်တန်း (၂) ရှေ့တွင် ရေနံတွင်း ပြုပြင်ခြင်းလုပ်ငန်းနှင့် ရေနံတူဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေနံစုပေါင်းလက်ခံသည့် စခန်းအတွင်း၌ ရေနံနှင့်သဘာဝဓာတ်ငွေ့များ စနစ်တကျထိန်းသိမ်း၊ သိုလ်လှောင်ထားရှိမှုနှင့် နေ့စဉ်လုပ်ငန်းများလည်ပတ် ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ခရိုင်နှင့် မြို့နယ်ပညာရေးမှူများ၊ မြို့နယ် (၅) မြို့နယ်မှ အခြေခံပညာ (ထက်၊ လယ်၊ မူ) အဆင့် ကျောင်းအုပ်ဆရာ၊ ဆရာများနှင့် ပညာရေးဝန်ထမ်းများအား သွားရောက်တွေ့ဆုံပြီး နိုင်ငံတော်မှ ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထားဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများ၏ ပညာရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ကျောင်းသား ကျောင်သူများအတွက် အခမဲ့ကျောင်းသုံပုံနှိပ်စာအုပ်နှင့် စာရေးကိရိယာများအပြင် ကျောင်းဝတ်ဆုံများပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)