မအူပင် မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာခေတ် (Grade-9) ကျောင်းသား မောင်အောင်ဘုန်းမြတ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (Grade-9) ကျောင်းသူ နော်သက် ဆုရှင်၊ ပညာခေတ်ကိုယ်ပိုင်အထက်တန်းကျောင်း (Grade-10) ကျောင်းသူ မယွန်းသံစဉ်ချို၊ ပညာခေတ်ကိုယ်ပိုင်အထက်တန်းကျောင်း (Grade-11) ကျောင်းသား သုံးထပ်ကွမ်းလူရည်ချွန် မောင်ဝေယံကျော်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (Grade-11) ကျောင်းသူ သုံးထပ်ကွမ်းလူရည်ချွန် မသော်တာစန်းနှင့် ပညာခေတ်ကိုယ်ပိုင်အထက်တန်းကျောင်း (Grade-12) ကျောင်းသား သုံးထပ်ကွမ်းလူရည်ချွန် မောင်စောမောဖိုးတို့အား ဂုဏ်ပြုကြိုဆိုပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ထိုသို့ ကြိုဆိုဂုဏ်ပြုရာတွင် ထပ်ဆင့်လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများမှ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ ယာဥ်တန်းများဖြင့် ထွက်ခွာလာရာ လမ်းတစ်လျှောက်ရှိ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများက ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးလျန်ထေနှင့် ဆရာ၊ ဆရာမများ၊ အသင်း အဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများက လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကာ ပန်းကုံး၊ ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုသည်။
ထို့နောက် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး တာဝန်ရှိသူများမှ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးမှ အလှူရှင်များအားဂုဏ်ပြု မှတ်တမ်းလွှာများပြန်လည် ပေးအပ်ခဲ့ကြသည်။ ယင်းနောက် လူရည်ချွန် မောင်မယ်များကိုယ်စား သုံးထပ်ကွမ်းလူရည်ချွန် မသော်တာစန်းမှ ကျေးဇူးတင်စကားနှင့် အတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)