သရက်ချောင်းမြို့နယ်၌ စိတ်ကြွရှုးသွပ်ဆေးပြားများဖော်ထုတ်ဖမ်းဆီးရမိ

သရက်ချောင်း ဇန်နဝါရီ ၁၈

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်၌ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အောင်သူနှင့် အဖွဲ့သည် သရက်ချောင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် နှင့်တာဝန်ရှိသူများ ပူးပေါင်းပြီး မူးယစ် ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက စိတ်ကြွရှုးသွပ်ဆေးပြားများ ဖော်ထုတ် ဖမ်းဆီးရမိကြောင်းသိရသည်။

မူးယစ်ဆေးဝါးသတင်းအရ သရက်ချောင်းမြို့နယ် မြို့မရပ်ကွက်နေသူ ညီညီဖြိုး၏ ဥယျာဉ်ခြံတဲအား ဝင်ရောက်ရှာဖွေစစ်ဆေးရာ ၎င်းလွယ်ထားသောလွယ်အိတ်အတွင်း WY စာတမ်းပါ စိတ်ကြွ ရှုးသွပ် ဆေးပြား ( ၁၀) ပြားအားတွေ့ရှိသဖြင့် သိမ်းဆည်းခဲ့ပြီး စစ်ဆေးမေးမြန်းရာ တစ်ရပ်ကွက်တည်းနေ ပြည့်စုံအောင် ထံမှ ဝယ်ယူရရှိကြောင်းသိရှိရ၍ ၎င်းအား ညီညီဦး၏ ဖုန်းဖြင့် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ပြည့်စုံအောင်ထံမှ WYစာတမ်းပါ စိတ်ကြွရှုးသွပ်ဆေးပြား(၃၆)ပြားနှင့်အတူ အဆိုပါ ဥယျာဉ်ခြံသို့ ရောက်ရှိ ဖမ်းဆီးခဲ့ပြီးစစ်ဆေးရာ ပုလောမြို့နယ်နေသူ ထိုက်ထိုက်အောင်(ခ)ကိုထိုက်ထံမှ ဝယ်ယူရရှိကြောင်း သိရသည်။

၎င်းအားပြည့်စုံအောင်ဖုန်းဖြင့် ထပ်မံချိတ်ဆက်ဆောက်ရွက်ခဲ့ရာ ညနေ ၃နာရီခွဲအချိန် ထားဝယ်-မြိတ်ကားလမ်း ကျောက်ဆည်ကျေးရွာရှိ မေကြယ်စင် စားသောက်ဆိုင်သို့ရောက်ရှိလာသဖြင့် ရှာဖွေစစ်ဆေးရာ ဘောင်းဘီ အိတ်အတွင်းမှ WYစာတမ်းပါ စိတ်ကြွရှုးသွပ်ဆေးပြား( ၃၈၉)ပြားအား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ၎င်းတို့သုံးဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အသီးသီးအမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

မျိုးချစ်ဦး(ပြန်/ဆက်)