မော်လမြိုင်ကျွန်း မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဦးစီးအရာရှိ ဦးဇာနည်ထွန်းနှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီအဖွဲ့တို့ပူးပေါင်း၍ မော်လမြိုင်ကျွန်းမြို့ပေါ် ရပ်ကွက်များ၊ မြို့မဈေး၊ အောင်သာယာဈေးနှင့် ဗိုလ်ချုပ်ဈေးတို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များ၊ မုန့်ဆိုင်များ၊ အလှကုန်ဆိုင်များနှင့် ကုန်ခြောက်ဆိုင်များအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့က ဆေးဝါးများ၊ အစားအသောက်များနှင့် အလှကုန်ပစ္စည်းများအား တရားဝင်ခွင့်ပြုချက်နှင့်အညီ ရောင်းချခြင်းရှိ/မရှိ၊ မြန်မာနိုင်ငံ FDA မှတ်ပုံတင်အမှတ် ပါရှိခြင်းရှိ/မရှိ၊ သက်တမ်းလွန်ပစ္စည်းများ၊ စံမညီပစ္စည်းများ၊ ဆေးဝါးအတုများ၊ စပ်ဆေးများနှင့် သုံးစွဲရန်မသင့်သော ဆေးဝါးများ ရောင်းချနေမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြသည်။ ထို့အပြင် မုန့်ဆိုင်များနှင့် ကုန်ခြောက်ဆိုင်များတွင် FDA ထောက်ခံချက်မပါရှိသော စားသောက်ကုန်များ၊ သက်တမ်းလွန်အစားအသောက်များ၊ ကျန်းမာရေးထိခိုက်စေနိုင်သော တားမြစ်အစားအသောက်များ ရောင်းချနေမှုရှိ/မရှိကို စစ်ဆေးခဲ့ပြီး အလှကုန်ဆိုင်များတွင်လည်း တားမြစ်ဓာတုပစ္စည်းများပါဝင်သည့် အလှကုန်များ၊ FDA အသိအမှတ်ပြုအမှတ်မပါရှိသည့် အလှကုန်များ ရောင်းချနေမှုရှိ/မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ စစ်ဆေးမှုများ အတွင်း ဥပဒေနှင့်မညီညွတ်သည့် ဆေးဝါးများ၊ သက်တမ်းလွန်စားသောက်ကုန်များနှင့် ခွင့်ပြုချက်မရှိသော အလှကုန်ပစ္စည်းအချို့ကိုတွေ့ရှိရသဖြင့် ပူးပေါင်းအဖွဲ့မှ သိမ်းဆည်းခဲ့ပြီး ဆိုင်ရှင်များအား အမျိုးသားဆေးဝါးဥပဒေ၊ အစားအသောက်ဥပဒေနှင့် သက်ဆိုင်ရာတည် ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူခံရနိုင်သည့် အခြေအနေများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ရဲကိုမောင် (ပြန်/ဆက်)