နတ်တလင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲကျင်းပ

နတ်တလင်း မေ ၂၀

ပဲခူးတိုင်း‌ဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (နတ်တလင်း) ကျောင်း၊ မနောဟဒယခန်းမ၌ ကျင်းပသည်။

အဆိုပါ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးဇော်မင်းနိုင်၊ ခရိုင်ရဲတပ်ဖွဲ့ ယာယီဒုတိယရဲမှူးကြီး မိုးကျော်ဟန်၊ ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်း၊ အမှတ် (၃၇) မူးယစ်တပ်ဖွဲ့စုမှ ဒုတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်သူမိုးနှင့် ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုခဲ့ကြသည်။

ပြိုင်ပွဲကို “မူးယစ်ဆေးရန် တို့တွန်းလှန် ကြိုးစားတိုက်ဖျက် နိုင်ငံအတွက်”၊ “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပ လူမှုဘဝ”၊ “ငါတို့အနာဂတ် သာယာလှပဖို့ မူးယစ်ကင်းစင် ကမ္ဘာဖန်တီးစို့” ၊ “မျိုးဆက်သစ်များတိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှတိုက်ထုတ်စို့”၊ “လုံခြုံစိတ်ချပြည်သူ့ဘဝ မူးယစ်မှန်သမျှတိုက်ဖျက်ကြ” ၊ “မိသားစုနွေးထွေးမှုဖြင့် မိမိတို့၏ ရင်သွေးငယ်များအား မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ကြပါစို့”၊ “လူသားခြင်းစာနာကျန်းမာဖို့ စိန်ခေါ်မူးယစ်တိုက်ဖျက်စို့” ခေါင်းစဉ်များဖြင့် ကျင်းပခဲ့ရာ ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၉၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်းနှင့် ဆုရရှိကြသူများအား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)