ရေဦးမြို့တွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

ရေဦး မေ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်ရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁)အ‌ခြေခံပညာအထက်တန်း‌ ကျောင်းပညာ ရတနာခန်းမတွင် ရက် (၁၀၀) စီမံချက်မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ရာ ရပ်ကွက်နေပြည်သူများ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်၀င်းလှိုင်က မှုခင်းကျဆင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ငယ်မုဒိမ်းမှု၊ မူးယစ်ဆေးဝါးအလွဲသုံးမှုများ တွေ့ရှိနေရကြောင်း၊ သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်၍ ကြီးလေး သောပြစ်ဒဏ်များချမှတ်ထားသော်လည်း မုဒိမ်းမှု‌ ပပျောက်နိုင်ရေး တိုက်ရိုက်သက်ဆိုင်မှုမရှိဘဲ လူ့စိတ်နဲ့သာတိုက်ရိုက်သက်ဆိုင်‌နေကြောင်း၊ မုဒိမ်းမှုဖြစ်စေသည့်အဓိကလှုံ့ဆော်ပေးသည့်အရာမှာ လိင်စိတ်အပေါ်သာယာခံစားလိုမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုများဖြစ်ပေါ် လျှက်ရှိကြောင်း၊ မိဘနှင့် အမျိုးသမီးငယ်များ ကိုယ့်ကိုကိုယ် ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာဗဟုသုတ ရှိစေဖို့ ပတ်၀န်းကျင်တွင်လေ့လာ သင်ယူမှုများ ပြုလုပ်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ရဲမှူးက မူးယစ်ဆေးဝါးအလွဲသုံးသူတစ်ဦးတွက် နောက်ဆက်တွဲပြဿနာများ၊ မူးယစ်ဆေးဝါး ၁၃၂ မျိုးရှိသည့်အနက် မြန်မာလူငယ်အများစုကြား ထဲထဲ၀င်၀င်သုံးစွဲနေကြသည့် ဘိန်း၊ ဘိန်းမဲ၊ ဘိန်းဖြူ၊ စိတ်ကြွဆေး၊ Ice ၊  Happy Water ၊ မှိုဆေး၊ ဆေးခြောက် သုံးစွဲခြင်းများကြောင့် လူငယ်များဘ၀ပျက်ဆီးခဲ့ရပုံတို့ကိုလည်းကောင်း၊ ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသူများအား မူးယစ်ဆေးဝါးအသိပညာပေးစာစောင်နှင့် သက်ငယ်မုဒိမ်းပပျောက်ရေး အသိပညာပေးစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သန်းသန်း