ပဲခူး မေ ၂၀
ပဲခူးမြို့၌ ရက် ၁၀၀ စီမံချက်အနေဖြင့် Foodball for School ၊ Smart School Program ဘောလုံးသင်တန်းဆင်းပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ပဲခူးတိုင်းဒေသကြီးအတွင်း အာကစားဖွံ့ဖြိုးတိုးတက်စေရန်၊ အားကစားကဏ္ဍအသစ်ဖွင့်လှစ်ရန်အတွက် ပဲခူး၊ တောင်ငူ၊ သာယာဝတီ၊ ပြည်၊ ရွှေတောင်မြို့စသည့် (၅) မြို့နယ်အား ပထမဦးစွာရွေးချယ်၍ Foodball for School Program အဖြစ် ဘောလုံးသင်တန်းဖွင့်လှစ်ခြင်းအပြင် ဘောလီဘော၊ ပြေးခုန်ပစ်အားကစားနည်းများဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနှင့် သင်ကြားရရှိခဲ့သည့်နည်းစနစ်များ၊ ကျွမ်းကျင်မှုများအပေါ်အခြေခံပြီး တိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်စေရေး စဉ်ဆက်မပြတ်ကြိုးစားလေ့ကျင့်သွားကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းများအား သင်တန်းဆင်းလက်မှတ်နှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများချီးမြှင့်ပေးခဲ့ပြီး သင်တန်းသားများ၏ ဘောလုံးလေ့ကျင့်မှုသရုပ်ပြသခြင်းအား ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ၃၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)