မိုးညို မေ ၁၉
နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို စွန့်လွတ်စွန့်စားသည့်စိတ်ဓာတ်ဖြင့် ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး မိမိမြို့ရွာသို့ပြန်လည်ရောက်ရှိလာသော ပြည်သူ့စစ်မှုထမ်းဆောင်ခဲ့သူများအား ကြိုဆိုဂုဏ်ပြုပွဲကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
ဦးစွာ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် ပြည်သူ့စစ်မှုထမ်းခဲ့သူများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဆောင်ခဲ့သူ၏ မိဘ၊ ဆွေမျိုး၊ ညီအကိုမောင်နှမများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အဝင်ဝမှ ပန်းကုံးစွပ်၍ အိုးစည်ဒိုးပတ်အကများဖြင့် ကြိုဆိုခဲ့သည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စစ်မှုထမ်းဆောင်ခဲ့သူများနှင့် မိသားစုဝင်များအားတွေ့ဆုံ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့သူများအား အထူးကျေးဇူးတင်ရှိကြောင်း၊ အကူအညီများလိုအပ်ပါက မိမိတို့အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)