မော်လိုက် ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် တောင်းအင်ကျေးရွာ၌ ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးရွာ ကုန်ထုတ် လမ်း/တံတား ဆောင်ရွက်နေမှုတို့အား ယမန်နေ့ နံနက်ပိုင်းက ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းမင်း၊ ခရိုင်ကျေးလက် (နည်းပညာ) ဦးစီးအရာရှိ ဦးကျော်ကျော်ခိုင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟန်မင်းဆွေနှင့် ဝန်ထမ်းများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည် များအား ကုမ္ပဏီတာဝန်ခံများထံ မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ “တောင်းကျေးရွာကုန်ထုတ်လမ်း/တံတား တည်ဆောက်ခြင်းကို ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရန်ပုံငွေ ကျပ်(၄၁)သန်းဖြင့် အရှည်ပေ(၃၆၀၀)ရှိ မြေသား နှစ်ပေ ထုတာဘောင်တင်ခြင်းနှင့် ဂျင်း ကိုးလက်မထုရှိ ကုန်ထုတ်လမ်းခင်းခြင်း၊ ပေ(၂၀)ရှိ အုတ်ခုံခံ သစ်သားတံတား တစ်စင်းနှင့် Box Culvert တစ်စင်းတို့ကို ဇေယျာအားမာန်ကုမ္ပဏီမှ တာဝန်ယူ၍ ဇန်နဝါရီလ ပထမပတ်မှစတင်၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ၎င်းကျေးရွာကုန်ထုတ်လမ်းနှင့် တံတားများ ပြီးစီးသွားပါက လယ်ယာမြေဧက သုံးရာကျော်ရှိ သီးနှံ များအား အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း” မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟန်မင်းဆွေ ပြောကြားချက်အရ သိရသည်။
ထို့နောက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် ထင်းရှူးချောင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) အကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ခြင်းကို COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လိုက်သားလေး