ကော့သောင်း မေ ၁၉
၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်တွင် ကော့သောင်းမြို့နယ်အတွင်းရှိ အခွန်အများဆုံးထမ်းဆောင်ခဲ့သည့်ကုမ္ပဏီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ မဥ္ဇူသကခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊လူမှုရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ နိုင်ငံ့ဝန်ထမ်းများအား လစာနှင့် စရိတ်ချီးမြှင့်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်လုံခြုံရေးအတွက်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ အခြေခံအဆောက်အအုံများ ပြည့်စုံရေးအစရှိသည့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများအတွက် အသုံးစရိတ်များကာမိစေရန် ဘဏ္ဍာငွေရရှိစေရေးနှင့် နိုင်ငံတော်၏ စီးပွားရေးရည်မှန်းချက်များကို အထောက်အကူပြုရေးစသည့် ရည်ရွယ်ချက်များအပေါ်တွင်သာ အခြေပြုကောက်ခံခြင်းမဟုတ်ကြောင်း၊ နိုင်ငံတော်တွင် ညီညွတ်မျှတသော အရ/အသုံးငွေကြေးစနစ်ပေါ် ပေါက်စေပြီးငွေကြေးလည်ပတ်မှုကို မှန်ကန်စေ၍ ငွေကြေးဖောင်းပွမှုများ မပေါ်ပေါက်အောင် ထိန်းသိမ်းပေးခြင်း၊ ပြည်တွင်းစားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စုဆောင်းမှုတို့ကို အခွန်စနစ်ဖြင့် ထိန်းညှိပေးခြင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုအတွက် အထောက်အကူဖြစ်စေခြင်း၊ ဓနအင်အား မျှတစေခြင်း၊နိုင်ငံတော်၏ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးရည်မှန်းချက်များ အကောင်အထည်ဖော်ရေးကို အထောက်အကူဖြစ်စေခြင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အခွန်ကောက်စနစ်ဖြင့် ထိန်းညှိပေးခြင်း၊ အရက်၊ စီးကရက်စသော တားမြစ်လိုသည့် ကုန်စည်များကိုအခွန်ကောက်စနစ်ဖြင့် ဟန့်ထားနိုင်ခြင်းစသည့်ရည်ရွယ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကောက်ခံခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများအပြည့်အဝရရှိရေးအတွက် အခွန်ဝန်ထမ်းများအနေဖြင့် အဂတိတရားကင်းရှင်းစွာဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးထား ဆောင်ရွက်ရမှာဖြစ်သလို အခွန်ထမ်းပြည်သူများအပေါ် ယဉ်ကျေးပျူငှာစွာဖြင့် ပြောဆိုဆက်ဆံခြင်း၊ လုပ်ငန်းများအား လွယ်ကူလျင်မြန်စွာဆောင်ရွက်ပေးခြင်း၊ အခွန်ထမ်းပြည်သူများ အခွန်ဥပဒေအား သိရှိနားလည်စေရေး စဉ်ဆက်မပြတ် အသိပညာပေးခြင်းနှင့် ညီညွတ်မျှတသော အခွန်စနစ်ဖြစ်စေရေး အလေးထားဆောင်ရွက်ခြင်းနှင့် အခွန်တိုးတက်ကောက်ခံရရှိရေးအတွက် အခွန်ထမ်းသစ်ဖော်ထုတ်ခြင်းစသည့်ကိစ္စရပ်များကို အစဉ်အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းရှင်အခွန်ထမ်းများအနေဖြင့် လုပ်ငန်းရှင်များ ပေးဆောင်သည့် အခွန်အခများသည် “နိုင်ငံတော်နှင့်အတူ ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်ဟု ရှုမြင်စေလိုကြောင်း”၊ အခွန်ငွေတစ်ကျပ်စီတိုင်းသည် နိုင်ငံတော် ၏ရှေ့ဆက်ရမည့်ခြေလှမ်းတိုင်းအတွက်အင်အားဖြစ်စေမှာဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ အခွန်ဆိုင်ရာ တည်ဆဲဥပဒေ၊နည်းဥပဒေများပါပြဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်၍ ဥပဒေအရ ကျသင့်အခွန်များအား သတ်မှတ်ကာလအတွင်း မှန်မှန်ကန်ကန်ပြည့်ပြည့်ဝဝပေးဆောင်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ၊တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးတို့က အခွန်အများဆုံးထမ်းဆောင်ခဲ့သည့် ကုမ္ပဏီလုပ်ငန်းရှင်ဆု၊ ကုန်သွယ်လုပ်ငန်းခွန်ဆုနှင့် ဝင်ငွေခွန်အများဆုံးထမ်းဆောင်ခဲ့သည့် ပုဂ္ဂလိကလုပ်ငန်းရှင်ဆု ရရှိသူများအား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ဆက်လက်၍ တိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးသူရ ဦးထင်ကျော်မိုးက အခွန်ဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကော့သောင်းခရိုင်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်မြို့မအားကစားကွင်းအဆင့်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကြည့်ရှု၍ လျာထားချက်များအတိုင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားပြီး အေးရိပ်ငြိမ်ကြက်တောင်အားကစားရုံ၊ ရွှေမင်းဝံတင်းနစ်အားကစားရုံနှင့် ခရိုင်အားကစားခန်းမများအား သွားရောက်ကြည့်ရှု၍ အားကစားကဏ္ဍမြှင့်တင်ရေးအတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ အားကစား ဝါသနာရှင်များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)