မြောင်းမြမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆွေးနွေးခြင်းနှင့် သရုပ်ပြသလေ့ကျင့်

မြောင်းမြ ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ စက်သုံးဆီ လုပ်ငန်းရှင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆွေးနွေးခြင်းနှင့် သရုပ်ပြသလေ့ကျင့် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ် ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာခရိုင် မီးသတ်ဦးစီးမှူး ဦးအေးလွင်က စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးကြိုတင် ကာကွယ်ရေး အတွက် လိုက်နာရမည့် စည်းကမ်းချက်များ၊ ညွှန်ကြားချက်များအား ပြောကြားခဲ့ပြီး မြို့နယ် မီးသတ်ဦးစီးမှူး ဦးသန့်ဇင်မင်းက ပွင့်လင်းရာသီရောက်လာခြင်းတို့ကြောင့် ဆီဘောက်ဆာများနှင့် ဆီဖလှယ်ရာတွင် အပူရှိန်မြင့်မားနေချိန်၌ မဆောင်ရွက် သင့်ကြောင်း မနက်စောစောအချိန်တွင် ဆောင်ရွက်ရန်၊ စက်သုံးဆီ အရောင်းဝန်ထမ်းများမှ မီးဘေးအန္တရာယ်နှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများအား လိုက်နာရန်၊ ဆီဆိုင်ပတ်ဝန်းကျင် အတွင်း/အပြင် အမှိုက်များ သန့်ရှင်းရေး ဆောင်ရွက်ရန်၊ စက်သုံးဆီဆိုင်များတွင် မီးသတိပေး ပိုစတာများ ကပ်ထားရန်၊ အရေးပေါ် မီးသတ်ဖုန်းနံပါတ်အား ဝန်ထမ်းများ သိရှိစေရေး ကပ်ထားရန်၊ မီးဘေးလုံခြုံရေး စီမံချက်များ ရေးဆွဲထားရှိရန်၊ ဇာတ်တိုက်လေ့ကျင့်ထားရန်နှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန်အတွက် သတ်မှတ်ထားသော ကြိုတင်ကာကွယ်ရေး ပစ္စည်းများ ပြည့်မီအောင် ဆောင်ရွက်ထားရန် ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ဆေးဗူးဖြင့် ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုနိုင်စေရေး စက်သုံးဆီလုပ်ငန်းရှင်များအား လက်တွေ့သရုပ်ပြ မီးငြိမ်းသတ်ရေး လေ့ကျင့် ဆောင်ရွက်မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ကေခိုင်စိုး(မြောင်းမြ)