သရက်ချောင်းမြို့နယ်၌ ၂၀၂၆ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေး 

သရက်ချောင်း မေ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၁နာရီက ပြည်ထောင်စုအစိုးအရအဖွဲ့၏ ရက်ပေါင်း (၁၀၀)ကာလအတွင်း ဆောင်ရွက်မည့် ၂၀၂၆ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းအခမ်းအနားကျင်းပသည်။

 အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာလာထွန်းက အခမ်းအနားသို့တက်ရောက်လာသောတောင်သူများအား အမှာစကားပြောကြားသည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာ ဒေါ်ကျော့ကျော့မိုးက တောင်သူများအား ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀)ကာလအတွင်း ဆောင်ရွက်မည့် ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝေယံမိုးက တောင်သူများအား ပုံစံ (၇)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအားပေးအပ်ရာ မြို့နယ်အတွင်းရှိတောင်သူများက လက်ခံရယူခဲ့သည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)